ဆေးရွက်ကြီး၏ဆိုးကျိုးများ

15 CC W

ဆေးရွက်ကြီးပါဝင်သော ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ စီးကရက်၊ ကွမ်း စသည်တို့ကို နည်းမျိုးစုံဖြင့် သုံးစွဲခြင်း၊ ဆေးရွက်ကြီးငုံခြင်း စသည်တို့သည် ကျန်းမာရေးအန္တရာယ်ရှိပြီး လူ၏အသက်ကိုပင် သေစေနိုင်သည်။ ဆေးလိပ်စသောက်သည့် အရွယ်စောလျှင် အသက်ပိုတိုစေပါသည်။

ဆေးရွက်ကြီးတွင်ပါဝင်သော နီကိုဒင်းသည် ဦးနှောက်သို့ လျှင်မြန်စွာ စွဲမက်စေသည်။ ဆေးလိပ်သောက်သောအခါ နီကိုဒင်းသည် စိတ်ခံစားမှု ကောင်းစေသည်။ တစ်ခဏတာကာလ အတွင်းမှာတော့ အာရုံကြောများ ပြေလျော့ကာ စိတ်ကိုကြည်လင် လန်းဆန်းသယောင် ထင်ရသည်။ သို့သော် သောက်သုံးပြီးသွားသောအခါ စိတ်လှုပ်ရှားစိုးရိမ်ပူပန်မှုများ၊ စိတ်ဖိစီးမှုများကို ဖြစ်ပေါ်စေသည်။ ခေါင်းကိုက်ခြင်းနှင့် မူးဝေခြင်းကို ဖြစ်ပေါ်စေသည်။

ဆေးရွက်ကြီးသည် သွားများကို စွန်းထင်းစေပြီး ဆိုးဝါးသော အသက်ရှူမှုကို ဖြစ်ပေါ်စေသည်။ လျှာရှိ အရသာခံအဖုအချို့ကိုလည်း ပျက်စီးစေသည်။ ထို့ကြောင့် ကြိုက်နှစ်သက်သော အစားအစာများကို ကောင်းမွန်စွာ အရသာခံရန် မဖြစ်နိုင်ပေ။ သွားဖုံးရောဂါများ၊ ပါးစပ်နှင့် လည်ချောင်းကင်ဆာများကိုလည်း ဖြစ်ပွားစေနိုင်သည်။

ဆေးလိပ်သောက်ခြင်းသည် နှလုံးခုန်နှုန်းနှင့် သွေးဖိအားတို့ကိုတိုးမြင့်စေရုံသာမက နှလုံးရောဂါများနှင့် နှလုံးအမောဖောက်ခြင်းတို့ကိုလည်း ဖြစ်ပေါ်စေနိုင်ပေသည်။ အမောခံနိုင်ရည်စွမ်းကိုလည်း လျော့ပါးစေသောကြောင့် အားကစားသမားများ အထူးရှောင်ကြဉ်သင့်သည်။

ဆေးလိပ်သောက်ခြင်းသည် အဆုတ်များကိုပျက်စီးစေပြီး ရောင်ရမ်းဖောသွပ်စေပါသည်။ အသက်ရှူရာတွင် အခက်အခဲများ ဖြစ်ပေါ်စေသည်။ အကယ်၍သင့်တွင်ပန်းနာရောဂါရှိခဲ့ပါက သင့်ကို ကြိမ်ဖန်များစွာ ပိုမိုပြင်းထန်သောထိခိုက်မှုများကို ဖြစ်ပေါ်စေသည်။ ဆေးလိပ်သောက်ခြင်းသည် ချွဲသလိပ်များနှင့် ချောင်းဆိုးခြင်းများစွာကို ဖြစ်ပေါ်စေသည်။ ဆေးရွက်ကြီးသည် အဆုတ်ရောဂါများနှင့် အဆုတ်ကင်ဆာကို ဖြစ်ပေါ်စေသည်။

ဆေးလိပ်သောက်ခြင်းသည် အသားအရေကိုလည်း ထိခိုက်ပျက်စီးစေနိုင်သည်။ အသားအရေကို ခြောက်သွေ့ခြင်းနှင့် အရေးအကြောင်းများကို ဖြစ်ပေါ်စေသည်။ ဆေးလိပ်အနံ့များသည်လည်း အသားအရေထဲတွင် စွဲနေတတ်သည်။ ထို့ပြင် ဆေးရွက်ကြီးသည် ကြွက်သားများသို့ သွေးနှင့် အောက်စီဂျင်များ ထောက်ပံ့ပေးမှုကို ထိခိုက်စေနိုင်ပြီး လေ့ကျင့်ခန်းလုပ်သောအခါ ကြွက်သားနာကျင်ကိုက်ခဲမှုများကို ဖြစ်ပေါ်စေနိုင်သည်။

ဆေးလိပ်သောက်သူသည် အိပ်မပျော်ခြင်း၊ စိတ်ဓာတ်ကျလွယ်ခြင်းများ ပိုမိုဖြစ်လွယ်တတ်သည်။ မျက်စိကွယ်ရောဂါ၊ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးရုတ်တရက်ရပ်သည့်ရောဂါ၊ ဆီးအိမ်၊ ကျောက်ကပ်၊ ပန်ကရိယကင်ဆာရောဂါများ ပိုမိုဖြစ်ပွားစေတတ်ပါသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲပါကလည်း ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲမွေးဖွားတတ်ခြင်း၊ ပေါင်မပြည့်သည့် ကလေးများမွေးဖွားတတ်ခြင်း၊ ကလေးအသေမွေးလာတတ်ခြင်း စသည်တို့ဖြစ်ပွားတတ်ပါသည်။ မိမိကိုယ်တိုင် ဆေးလိပ်မသောက်သော်လည်း ဆေးလိပ်ငွေ့ရှူမိဖန်များပါက နှလုံးရောဂါနှင့် အဆုတ်ရောဂါများ သာမန်လူထက်ပိုဖြစ်စေနိုင်ပါသည်။

© 2016 City Care. All Rights Reserved.

CITY CARE