
လှုပ်ရှားရုန်းကန် အလုပ်လုပ်နေရသော ယနေ့ခေတ်လူ့အဖွဲ့အစည်းတွင် လူအများစုသည် အနားယူခြင်း၏ စွမ်းအားကို မေ့လျော့နေတတ်ကြပါသည်။ နေ့စဉ်နေ့တိုင်း လုပ်စရာအလုပ်များ ပုံနေတတ်ပြီး အလျင်ပြီးအောင် လုပ်နေရတတ်သည်။ ထိုသို့မကြိုးစား မလုပ်ပါကလည်း အခြားသူနောက်ကောက် ကျန်သွားပေလိမ့်မည်။ သို့သော် အနားယူခြင်းသည် အလုပ်လုပ်နိုင်စွမ်းအား၊ တွေးခေါ်နိုင်စွမ်းအားတွေကို မြှင့်တင်နိုင်ကြောင်းကို သတိမထားမိတတ်ကြပေ။
အနားယူခြင်းသည် ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည်ဖြည့်ဆည်းပေးသည်။ လူအများစုသည် အလုပ်ထဲအာရုံစိုက်ကာ မိမိသုံးလိုက်သော စွမ်းအင်ပမာဏကို ဂရုမပြုမိဘဲ ခန္ဓာကိုယ်မှထုတ်ပေးနိုင်သော စွမ်းအင်ထက်ပင် ပိုမိုသုံးစွဲနေတတ်ကြသည်။ စွမ်းအင်ကိုပိုမိုသုံးစွဲလေ အနားယူရန်လိုအပ်လေပင်ဖြစ်သည်။ အလုပ်လုပ်နေရင်း တစ်နာရီခြားတစ်ခါလောက် ခဏရပ်လိုက်ပြီး ဘာမှမလုပ်ဘဲ သက်တောင့်သက်တာ ထိုင်နေခြင်း နှင့် ညဘက်တွင် လုံလောက်စွာ အိပ်စက်ခြင်းတို့မှလည်း ကုန်ဆုံးသွားသည့် စွမ်းအင်များကို ပြန်လည်ရရှိနိုင်ပေသည်။
အနားယူခြင်းသည် စိတ်တည်ငြိမ်မှုရှိပြီး အလုပ်တွင်လည်းပိုမို အာရုံစူးစိုက်နိုင်ပေသည်။ အလုပ်ထဲတွင် အချိန်အကြာကြီး အာရုံစိုက်လုပ်ခြင်းသည် ကိုယ်ခန္ဓာကိုသာမက စိတ်ကိုပါပင်ပန်းနွမ်းနယ်စေသည်။ အလုပ်အကြောင်းများသာတွေးပြီး စိတ်ပူပင်မှုများခြင်းသည် စိတ်ကျန်းမာရေး အခြေအနေကိုပါ ထိခိုက်လာစေနိုင်ပါသည်။ ထို့ကြောင့် တစ်နေ့တာ အချိန်များတွင် အနားယူခြင်းကို အချိန်သပ်သပ်ပေးပြီး ထိုအချိန်တွင် ဘာမှမတွေးဘဲ စိတ်တွေကိုလျှော့ချလိုက်ပါ။ စိတ်ကျန်းမာမှ ကိုယ်ကျန်းမာပေမည်။
အနားယူခြင်းသည် တွေးခေါ်တီထွင်ဖန်တီးနိုင်စွမ်းကိုလည်း ပိုမိုကောင်းမွန်စေသည်။ တီထွင်ဖန်တီးနိုင်စွမ်းဟူသည်မှာ အာရုံစိုက်နိုင်လေ ပိုမိုတွေးခေါ် ဖန်တီးလာနိုင်လေ ဖြစ်ပါသည်။ စိုးရိမ်ပူပန်စရာများကို မေ့ထားပြီး ခဏတာအနားယူပြီးနောက် အလုပ်ပြန်လုပ်ကြည့်လိုက်ပါ။ ပိုပြီးတက်ကြွနေကာ စိတ်ကြည်လင်လန်းဆန်းနေပြီး အတွေးအခေါ်အသစ်အဆန်းများကို ပိုမိုတွေးခေါ်ဖန်းတီးနိုင်ပေလိမ့်မည်။
ထို့အတွက်ကြောင့် အလုပ်များလှသည်မှန်သော်လည်း အနားယူမည့်အချိန်တွင် အနားယူကာ အလုပ်လုပ်ပါက အလုပ်တွင် ပိုမိုတက်ကြွပျော်ရွင်စေပြီး ပြီးမြောက်အောင်မြင်နိုင်ပေလိမ့်မည်။