အသည်းရောင်ရောဂါအကြောင်း သိကောင်းစရာ

24 CC Web

အသည်းက ကိုယ်ခန္ဓာအတွက် စွမ်းစွမ်းတမံဆောင်ရွက်ပေးနေတဲ့ အကြီးဆုံး ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပြီးတော့ သွေးထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားခြင်း၊ အစာချေဖျက်မှုအတွက် အကူအညီပေးသော သည်းခြေရည်လိုမျိုး ဇီဝဓာတုပစ္စည်းများ ထုတ်လုပ်ပေးခြင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်များ သိမ်းဆည်းပေးခြင်း၊ သွေးတွင်းသကြားဓာတ်နဲ့ ဟော်မုန်းထိန်းညှိပေးခြင်းစတဲ့ သက်ဆိုင်ရာ ဓာတုဖြစ်စဉ်များကို အဓိကအခန်းကဏ္ဍတစ်ရပ် အနေနဲ့ တာဝန်ယူဆောင်ရွက်ပေးရပါတယ်။
ခန္ဓာကိုယ်မှာ ဘက်တီးရီးယားများကူးစက်ခံရခြင်း၊ အဆိပ်အတောက်ကြောင့် အသည်းတွင် ထိခိုက်ဒဏ်ရာရခြင်း၊ အရက်ယာမကာအလွန်အကျွံသောက်သုံးခြင်းနဲ့ ခန္ဓာကိုယ်တွင်းရှိ ကိုယ်ခံအားစနစ်ကြောင့်လည်း အသည်းရောင်ရောဂါ ဖြစ်ပွားတတ်ပါတယ်။ အများအားဖြင့်တော့ အသည်းရောင်ရောဂါက ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာကြောင့်ပဲ ဖြစ်ပါတယ်။ အဖြစ်များတဲ့ အသည်းရောင်ရောဂါတွေကတော့ အေပိုး၊ ဘီပိုးနှင့် စီပိုး စတာတွေဖြစ်ပြီး ဒီပိုး၊ အီးပိုးနဲ့ ဂျီပိုးတွေကတော့ အလွန်အဖြစ်နည်းပါတယ်။
ရောဂါလက္ခဏာအနေဖြင့် တဖြည်းဖြည်း အားနည်းလာခြင်း၊ ကိုယ်အလေးချိန် တဖြည်းဖြည်း ကျဆင်းလာခြင်း၊ မောပန်းလွယ်ခြင်း၊ ပျို့ချင်အန်ချင်၍ မအီမသာဖြစ်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အခြားရောဂါလက္ခဏာများနဲ့ ဆင်တူတာကြောင့် သေချာအောင် စစ်ဆေးဖို့တော့ လိုပါတယ်။ အထက်ပါ လက္ခဏာများအပြင် အသားဝါရောဂါကဲ့သို့ မျက်လုံးနဲ့ အသားဝါခြင်း၊ ဖျားခြင်း၊ အန်ခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ ၀မ်းဗိုက်ညာဘက် အပေါ်ခြမ်း နာကျင်ခြင်း၊ ၀မ်းအရောင်ဖျော့ခြင်း၊ ဆီးအရောင်မည်းခြင်းတို့ ဖြစ်တတ်ပါတယ်။ ရောဂါအစပျိုးချိန်ကတော့ ရောဂါအမျိုးအစားအလိုက် (၁၅)ရက်မှ (၄)လလောက်အထိ ကြာတတ်ပါတယ်။ တချို့ ပြင်းထန်တဲ့ အသည်းရောင်ရောဂါတွေကတော့ အသည်းရောင်ရုံတင်မက အသည်းကိုပါ ပျက်စီးစေတာကြောင့် အသည်းအစားထိုးကုသဖို့အထိ လိုအပ်ပါတယ်။

အသည်းရောင်ရောဂါဖြစ်နေကြောင်းသိရှိဖို့ ပုံမှန်အားဖြင့် သွေးစစ်ဆေးကြည့်ရမှာပါ။ အသည်းရောင်ရောဂါ အေပိုးရှိနေသူများကို ဆရာဝန်တွေက များသောအားဖြင့် ဆေးဝါးမသောက်ခိုင်းဘဲ အဖျားကျသွားပြီး အသားဝါအရောင်ကျသွားတဲ့အထိ ကောင်းကောင်း အနားယူခိုင်းလေ့ရှိပါတယ်။ ရေအလုံအလောက်သောက်ပေးဖို့လည်း လိုပါတယ်နော်။ အသည်းရောင်ရောဂါဘီပိုးနဲ့ စီပိုးရှိနေသူတွေကို ဆေးဝါးနဲ့ ကုသလေ့ရှိသော်လည်း စီးပိုးရှိနေသူတွေအတွက်တော့ သောက်သုံးရတဲ့ ဆေးဝါးအချို့ က အရွယ်ရောက်ပြီးသူများသာ သောက်သုံးခွင့်ရှိတယ်ဆိုပြီး ကန့်သတ်တာတွေရှိပါတယ်။ ကာကွယ်ဆေးထိုးပြီးတော့လည်း အသည်းရောင်ရောဂါ အေပိုးနဲ့ ဘီပိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။

© 2016 City Care. All Rights Reserved.

CITY CARE