ဖြေးဖြေးမှန်မှန်ပြေးခြင်းနှင့် ကျန်းမာရေး

ဖြေးဖြေးမှန်မှန်ပြေးခြင်းနှင့်-ကျန်းမာရေး

မိတ်ဆွေတို့ရေ… ခန္ဓာကိုယ်ကျန်းမာသန်စွမ်းနေဖို့ Gym သွားနေစရာမလိုပါဘူးနော်။ နေ့တိုင်းလိုလို လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း စတဲ့လှုပ်ရှားမှုတွေကလည်း ခန္ဓာကိုယ်အတွက်အများကြီး အကျိုးပြုပါတယ်နော်။

နေ့စဉ်ဖြေးဖြေးမှန်မှန်လေးပြေးပေးမယ် (Jogging) ဆိုရင်တော့ ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကိုကြည့်လိုက်ရအောင်နော်။
နေ့စဉ်ဖြေးဖြေးမှန်မှန်ပြေးခြင်း (Jogging) ဆိုကတော့ အေရိုးဗစ် (aerobic) ဆိုတဲ့ သွေးတွင်းသို့ အောက်စီဂျင်ပိုမိုရောက်စေတဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်မျိုးပါ။ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အောက်စီဂျင်ထောက်ပံ့မှုပိုမိုကောင်းမွန်တာကြောင့် ကျန်းမာကြံ့ခိုင်လာစေပြီး ခုခံအားပိုမိုကောင်းမွန် လာစေပါတယ်။

နောက်ပြီး နေ့စဉ်ဖြေးဖြေမှန်မှန်ပြေးပေးခြင်းကလည်း နှလုံးနှင့်အဆုတ်ကျန်းမာရေးအတွက် အကောင်းဆုံးကိုယ်လက်လှုပ်ရှားမှုတစ်ခုပါပဲနော်။
ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးထဲမှာ အောင်စီဂျင်ထောက်ပံ့မှုပိုမိုကောင်းမွန်လာရင် အကျိုးရှိဆုံးသောအင်္ဂါအစိတ်အပိုင်းကတော့ ဦးနှောက်ပါ။ လေ့လာတွေ့ရှိချက်တွေအရ ဖြေးဖြေးမှန်မှန်ပြေးခြင်းက Neuron ဟုခေါ်တဲ့ အာရုံခံ၊ အာရုံကြောဆဲလ်များကို ပွားများလာစေပြီး အကျိုးဆက်အနေနဲ့ လေ့လာသင်ယူနိုင်စွမ်းအား၊ မှတ်ဥာဏ်စွမ်းအားတွေကို တိုးတက်ကောင်းမွန်လာစေတဲ့အပြင် မှတ်ဥာဏ်ချို့ယွင်းတဲ့ရောဂါတွေဖြစ်တဲ့ အယ်လ်ဇိုင်းမားရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

နောက်ပြီး နေ့စဉ်ဖြေးဖြေးမှန်မှန်လေးပြေးပေးမယ်ဆိုရင် ကြွက်သားများပိုမိုသန်မာလာစေပါတယ်။ သွေးတွင်းရှိမကောင်းတဲ့ ကိုလက်စထရောလ် (LDL) များနဲ့ အဆီများကိုလျော့ပါးသွားစေပြီး အ၀လွန်ခြင်းနှင့်သွေးတိုးရောဂါများကိုကာကွယ်ပေးနိုင်ပါတယ်။
အသက်အရွယ်ကြီးသူတွေမှာဖြစ်တတ်တဲ့ အရိုးပါး၊ အရိုးပွရောဂါဖြစ်နိုင်ချေကိုလည်း လျော့ပါးစေပါတယ်။ အရိုးပါး၊ အရိုးပွရောဂါဆိုတာကတော့ အရိုးများ ကြွပ်ဆတ်ပြီး ကျိုးလွယ်ခြင်းဖြစ်ပါတယ်။ နေ့စဉ်ဖြေးဖြေးမှန်မှန်ပြေးပေးခြင်းနှင့် ကယ်လ်ဆီယမ်ပြည့်ဝသောအစားအစာများစားပေးခြင်းဖြင့် အရိုးများကိုထောက်ပံ့ပေးထားသော ကြွက်သားမျှင်များ၊ အကြောများနှင့် အရိုးတို့ကိုသန်စွမ်းစေနိုင်ပြီး အရိုးပါး၊အရိုးပွရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် ခန္ဓာကိုယ်လုပ်နိုင်စွမ်းအား တိုးတက်လာမှုကိုတွေ့ရမှာသေချာပါတယ်။

နောက်ဆုံးအနေနဲ့ နေ့စဉ်ဖြေးဖြေးမှန်မှန်လေးပြေးပေးမယ်ဆိုရင် endorphins ဟုခေါ်တဲ့ ဟော်မုန်းတစ်မျိုးကိုထုတ်ပေးပါတယ်။ အဲ့ဟော်မုန်းက တက်ကြွပျော်ရွှင်နေတဲ့အချိန်မှာ ခန္ဓာကိုယ်မှထုတ်ပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်တာကြောင့် တစ်နေ့တာလှုပ်ရှားမှု လုပ်ငန်းဆောင်တာများကို တက်ကြွလန်းဆန်းစွာလုပ်ဆောင်နိုင်ရန် အထောက်အကူပြုပါတယ်။
ကဲ… ဒါကြောင့် နေ့စဉ်ပုံမှန်လမ်းလျှောက်ကြဖို့တိုက်တွန်းလိုက်ပါတယ်နော်။

© 2016 City Care. All Rights Reserved.

CITY CARE