ကြွက်တက်ခြင်း ဆိုသည်မှာ ရုတ်တရက် ကြွက်သားများ ကျုံ့ပြီးဆွဲညှစ်ထားသလို နာကျင်လာခြင်းဖြစ်ပါတယ်။ များသောအားဖြင့် နာကျင်မှုမှာ မိနစ်ပိုင်းခန့်ကြာတတ်ပြီး တစ်ခါတစ်ရံ နာရီနှင့်ချီပြီး နာကျင်နေတတ်ပါတယ်။ ကြွက်တက်ခြင်းအများဆုံးဖြစ်သည့်နေရာမှာ ခြေသလုံးကြွက်သားဖြစ်ပါတယ်။ ပေါင်ကြွက်သားနှင့် ခြေထောက်ကြွက်သားများသည်လည်း အဖြစ်များသည့်အထဲတွင် ပါဝင်တယ်။
ကြွက်တက်လျှင် ဖြစ်သည့်နေရာက တောင့်တင်းပြီး မလှုပ်ရှားနိုင်ဖြစ်နေတတ်ပါတယ်။ ကိုင်ကြည့်လိုက်လျှင် သိသိသာသာ မာကျောနေသည်ကိုတွေ့ရပါတယ်။ ကြွက်စစတက်ခြင်းတွင် မခံမရပ်နိုင်နာကျင်နေလိမ့်မည်။ လှုပ်လို့မရဘဲ လှုပ်လေပိုနာလေဖြစ်ပါတယ်။ ဖြစ်ပြီးလျှင် များသောအားဖြင့် ပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်။
ကြွက်တက်ရခြင်း အကြောင်းရင်းကို တိတိကျကျအမြဲတမ်းမသိနိုင်ပေ။ များသောအားဖြင့် ကြွက်သားများထိခိုက်ခြင်းနှင့် ကြွက်သားများအား အလွန်အကျွံအသုံးပြုခြင်း၊ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကယ်လ်ဆီယမ်နှင့် မန်ဂနီဆီယမ် လျော့နည်းလေ့ရှိသောကြောင့် ကြွက်တက်ခြင်း၊ ရာသီဥတုအေးသောကြောင့် ကြွက်သားများကျုံ့ပြီး ကြွက်တက်ခြင်း၊ အချိန်အကြာကြီးမတ်တပ်ရပ်ခြင်း၊ ခန္ဓာကိုယ်အတွင်း ကောင်းမွန်စွာ သွေးမလှည့်ပတ်နိုင်ခြင်း၊ သွေးတွင်း ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်နှင့် တခြားသတ္တုဓာတ်များလျော့နည်းခြင်း၊ ခန္ဓာကိုယ်မှရေဓာတ်အလွန်အကျွံဆုံးရှုံးခြင်း၊ တချို့ဆေးဝါးများသုံးစွဲခြင်း၏ ဘေးထွက်ဆိုးကျိုးများ စသည်တို့ကြောင့် ကြွက်တက်ခြင်းဖြစ်တတ်ပါတယ်။
ကြွက်တက်ပါက အမြန်ဆုံးသက်သာလာအောင် ကြွက်သားကို နှိပ်နယ်ပေးခြင်း၊ ကြွက်သားများပြေလျော့သွားအောင် ရေနွေးဖြင့် ရေချိုးပေးခြင်းတို့ ပြုလုပ်ပေးနိုင်သည်။ ကြွက်တက်ခြင်းသည် ကြွက်သားမျှင်များကျုံ့သွားခြင်းဖြစ်တာကြောင့် ဖြည်းဖြည်းခြင်း ဆန့်တန်းအောင် ကြိုးစားပါ။ အားကစားသမားများ၊ ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်သူများသည် ကြွက်မတက်အောင် သေချာဂရုစိုက်သင့်သည်။ ကြွက်တက်တတ်သည့်လူများသည် ရေကူးသည့်အခါ အလွန်သတိထားပြီး ကူးရပါမယ်။
ကြွက်တက်ခြင်းကို ကာကွယ်ရန် ချွေးထွက်လွန်သည့်အခါမျိုးတွင် ဓာတ်ဆားရည် သောက်သုံးပေးသင့်ပါတယ်။ ခန္ဓာကိုယ်အား ရေဓာတ်ပြည့်ဝနေစေရန် ဂရုစိုက်ပေးသင့်ပါတယ်။ အရက်အလွန်အကျွံမသောက်သုံးသင့်ပေ။ အားကစားမလုပ်ခင်နှင့် လုပ်ပြီးအချိန်များနှင့် အိပ်ရာမ၀င်ခင်တွေတွင် ကြွက်သားများပြေလျော့သွားအောင် အကြောလျော့ပေးသင့်ပါတယ်။ ကယ်လ်ဆီယ်မ်ဓာတ် ကြွယ်ဝသည့် နွားနို့၊ ဒိန်ခဲ၊ ဒိန်ချိဉ်စသော နို့ထွက်ပစ္စည်းများကို စားသုံးပေးသင့်ပါတယ်။ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝသည့် ငှက်ပျောသီး၊ အုန်းရည်နှင့် စပျစ်သီးတို့ကိုလည်း စားသုံးပေးသင့်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဖြင့်လည်း ကြွက်တက်ခြင်းအား ကာကွယ်နိုင်ပါတယ်။ အလွန်ဆိုးဆိုးရွားရွား မကြာခဏကြွက်တက်တတ်ပါက ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးဝါးသောက်သုံးသင့်ပါတယ်။