သက်ကြီးရွယ်အိုနှင့် အာဟာရလိုအပ်ချက်

z1

အသက်အရွယ်ကြီးလာတာနဲ့အမျှ သက်ကြီးရွယ်အိုဘိုးဘွားများရဲ့ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများက ချို့ယွင်းလာတတ်ပါတယ်။ အရိုးများမှစပြီး ကိုယ်တွင်းအင်္ဂါများထိအောင် ထိခိုက်လွယ် နာမကျန်း ဖြစ်လွယ်တတ်ပါတယ်။ ဒါကြောင့် အစာအာဟာရများကို ကောင်းမွန်ပြည့်ဝစွာမစားသုံးပါက နာတာရှည်ရောဂါအပြင် ဗီတာမင်နှင့်သတ္တုဓာတ်မလုံလောက်ဘဲ ရောဂါဝေဒနာများဖြစ်ပွားတတ်ပါတယ်။ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူများအဖြစ်များတာကတော့ အရိုးတွင်း သိပ်သည်းဆများလျော့နည်းတဲ့ အရိုးပါးအရိုးပွရောဂါ (Osteoporosis) ပင်ဖြစ်ပါတယ်။ အမျိုးသမီးများတွင်အဖြစ်များပြီး တင်ပဆုံရိုး၊ ခြေထောက်နှင့် ခါးဆစ်တို့တွင်ဖြစ်လေ့ရှိပါတယ်။ အဓိကဖြစ်ရတဲ့အကြောင်းရင်းကတော့ ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့ပြီး ဗီတာမင်ဒီနှင့်ဖလိုရိုက်ဓာတ်များ မလုံလောက်တာကြောင့်ဖြစ်တတ်ပါတယ်။ ဒါကြောင့် အသက်ကြီးသူများက ကယ်လ်ဆီယမ်ဓာတ်ပြည့်ဝသော နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဆော်လမွန်ငါးများ စသည်တို့ကို စားသုံးပေးသင့်ပါတယ်။ နောက်ပြီး အသက်ကြီးသူများတွင် အဖြစ်များတဲ့ရောဂါကတော့ ၀မ်းချုပ်ခြင်းဖြစ်တာမို့ ၀မ်းချုပ်ခြင်းကို ကာကွယ်နိုင်ရန်အမျှင်ဓာတ်ပါဝင်တဲ့ ဂျုံ၊ ကောက်ပဲသီးနှံများ၊ ပဲအမျိုးမျိုးတို့အား စားသုံးပေးသင့်ပါတယ်။ သွားကျန်းမာရေးကိုလည်း ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ နူးညံ့တဲ့အစားအစာတွေကို အသားပေးပြီး စားသုံးသင့်ပါတယ်။ သွားဆရာဝန်ဆီကိုလည်း သွားရောက်ပြသပြီး ဆေးကုသမှုမှန်မှန်ခံယူသင့်ပါတယ်။ ရေကလည်း ခန္ဓာကိုယ်အတွက် အဓိကလုပ်ငန်းဆောင်ရာမှာ အထောက်အပံ့ပေးတာကြောင့် မရှိမဖြစ်လိုအပ်ပါတယ်။ အသက်ကြီးလာလျှင် မေ့လျောလာတတ်ပြီး ရေသောက်ဖို့မေ့နေတာကြောင့် အသက်အရွယ်ကြီးသူများကို ရေသောက်ရန်မမေ့ဖို့သတိပေးသင့်ပါတယ်။ နောက်သတိထားရမယ့်အချက်ကတော့ အသက်ကြီးအရွယ်ကြီးလာရင် ဆိုဒီယမ်(ဆားဓာတ်)ကို လျော့စားသင့်ပါတယ်။ ဆားဓာတ်က ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပင်မယ့် အလွန်အကျွံစားသုံးမိရင် သွေးပေါင်ချိန်တိုးခြင်းနှင့် နှလုံးရောဂါများဖြစ်ပွားတတ်တာကြောင့် သဘာဝအတိုင်း ဆားဓာတ်အသင့်အတင့် ပါဝင်တဲ့ အသား၊ ဥအမျိုးမျိုး၊ နို့ တို့ကိုစားသုံးသင့်ပါတယ်။ နောက်သတိထားရမယ့် အရေးကြီးဆုံးအချက်ကတော့ အသက်အရွယ်ကြီးသူများက အထီးကျန်တတ်ကြမှုကိုခံစားရတတ်ပါတယ်။ ဒါကြောင့် ဘိုးဘွားများထမင်းစားချိန်မှာ သားသမီးမြေးများနှင့်အတူတူပျော်ပျော်ရွင်ရွင်စွာစကားပြောစားသောက်ရင် ပိုပြီးစားဝင်တတ်တာကို သတိပြုသင့်ပါတယ်။

© 2016 City Care. All Rights Reserved.

CITY CARE